The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄ ) ရက်      

     လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ပုသိမ်မြို့  စက်မှုစီမံကိန်းရှိ စက်မှုဆိပ်ကမ်းသို့​ရောက်ရှိရာ တာဝန်ရှိသူများ၏ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုအချိန်ကာလတွင် မီးသုံးစွဲသူ ပြည်သူများအား ရရှိသည့် လျှပ်စစ်ဓာတ်အားကို မျှတစွာ သုံးစွဲရရှိရေး ခွဲဝေစီမံဆောင်ရွက်နေသကဲ့သို့ စက်မှုဇုန်များကိုလည်း သတ်မှတ်ချိန်များအတိုင်း မျှတစွာသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အဆောက်အဦးများ၏ ခေါင်မိုးများပေါ်တွင် လည်းကောင်း၊ မြေပေါ်တွင် လည်းကောင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်များ အသုံးမပြုသည့် အချိန်တွင် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနမှ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နည်းပညာအရလိုအပ်ချက်များ ရှိပါကလည်း ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်းကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ညောင်ချောင်းလေး ကျေးရွာအနီးရှိ SSBE Myanmar Group Co.,Ltd. ၏ စပါးခွံနှင့် အခြားသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် လောင်စာတောင့်ထုတ်လုပ်ရန် တည်ဆောက်နေသော စီမံကိန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌  စပါးခွံနှင့် အခြားသီးနှံ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး လောင်စာတောင့် ထုတ်လုပ်သော စီမံကိန်းတွင် အသုံးပြုရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း များ ယခုအချိန်တွင် (၈၀၀) ကီလိုဝပ်ခန့်သာ ထွက်ရှိနေသော်လည်း စီမံကိန်း၏ ရည်မှန်းချက် ဖြစ်သော လျှပ်စစ်ဓာတ်အား (၅) မဂ္ဂါဝပ်ထွက်အောင် ဆောင်ရွက်မည်ကို သိရှိရသဖြင့် မိမိတို့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ စက်ရုံမှ လူမှုရေးတာဝန်သိမှု လုပ်ငန်းအနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ကျောင်း၊ ဆေးပေးခန်း၊ လမ်းများ တည်ဆောက်ပေးသည်ကို သိရ၍ အထူးကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတွင် လျှပ်စစ်မီးရရှိရေး အဓိကကျသဖြင့် ပတ်ဝန်းကျင်ရှိ ကျေးရွာ (၇) ရွာကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ နောင်တွင် ပိုလျှံလာပါက ဓာတ်အားစနစ်သို့လည်း ချိတ်ဆက်၍ ရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပြီး စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောင်းမြမြို့နယ်ရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်၏ စပါးခွံလောင်စာသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားများအား သတ်မှတ်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင်   ထုတ်လုပ်၍ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ် ဓာတ်အားလိုင်း ဆွဲသားခြင်းကိုလည်း ဌာနမှ အချိန်မီဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယခုအချိန်မှစတင်၍ စက်များအား စမ်းသပ် လည်ပတ်ခြင်း ပြုလုပ်ထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကာ စပါးခွံ လောင်စာသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်း စက်များ တပ်ဆင်ထားသည့် အခြေအနေများအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကုန်ကြမ်းအဖြစ် အသုံးပြုမည့် စပါးခွံလောင်စာများကို ယခုအချိန်မှ စတင်၍ စုဆောင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်​ကြောင်းတို့အား ထပ်လောင်း မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
24-Dec-2022