The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ( ၂၁ ) ရက်

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေထိန်းတမံနှင့် ရေယူအဆောက်အအုံသို့ ရောက်ရှိပြီး ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေထိန်းတမံသည် အမြင့် ၁၆၇ ပေရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) CVC ကွန်ကရစ် တမံအမျိုးအစားဖြစ်ကာ အကျယ် ၃၄၉ ပေရှိ ရေပိုလွှဲနှင့် သဲနုန်းထုတ်ပေါက်တံခါးတို့ကို ထည့်သွင်းတည်ဆောက်ထားပါသည်။ အဆိုပါ ရေထိန်းတမံမှ ရေကို ရေယူအဆောက်အအုံ့ မှတဆင့် ရေသွယ်ဥမင်လိုဏ် အလျား ၇၃၃၀ ပေ အရှည်ဖြင့် သယ်ယူပြီး ယခုကာလတွင် တစ်နေ့လှျင် (၂)ကြိမ် ရေထိန်းကန်သို့ ပို့လွှတ်လျက်ရှိပါသည်။

    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေထိန်းကန်သို့ ရောက်ရှိပြီး ရေထိန်းကန်အတွင်း ရေသိုလှောင်ထားမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံသို့ ဖိအားမြင့် သံမဏိပိုက်လိုင်းဖြင့် ရေပို့လွှတ်မှုအခြေအနေနှင့် ရေအားအဆောက်အအုံများ၏ ကြံ့ခိုင်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ရေထိန်းကန်သည် ရေဂါလံပေါင်း ၂၆ သိန်းခန့် သိုလှောင်နိုင်ပြီး အချင်း ၁၃ ပေ၊ အလျား ၈၇၆ ပေရှိ ဖိအားမြင့်သံမဏိပိုက်လိုင်းဖြင့် ဓာတ်အားပေးစက်ရုံသို့ ပို့လွှတ် ပေးလျက်ရှိပါသည်။    

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမတွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက စစ်တောင်းမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ညွှန်ကြားရေးမှူး ဦးမင်းခိုင်က နန်ချိုရေအား လျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်တည်ဆောက်ခဲ့မှု အခြေအနေအားလည်းကောင်း၊ နန်ချို ဓာတ်အားပေးစက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှု၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားမှုအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများ၏ တင်ပြချက်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။     

    နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရေအားအမြင့် ၃၂၈ ပေရှိပြီး ဒေါင်လိုက် ဖရန်စစ်တာဘိုင် ၂၀ မဂ္ဂါဝပ်စက်(၂)လုံးဖြင့် တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိကာ နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်း ထုတ်လုပ်ပေးလျက်ရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) စက်ရုံတစ်ရုံဖြစ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။

    ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ပေးလျက် ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီး တည်ဆောက်ဆဲဖြစ်သည့် နမ့်ပငရေအား လျှပ်စစ်စီမံကိန်း ၆ မဂ္ဂါဝပ်နှင့် နာဂဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအား လျှပ်စစ်စီမံကိန်းများကိုလည်း တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) အသုံးပြု ဓာတ်အားပေးစက်ရုံများအဖြစ် အကောင်အထည်ဖော်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်း ရေလှောင်တမံအနီးရှိ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာတို့အား ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရွေးချယ်ထားမှုအခြေအနေ၊ ရေရရှိနိုင်မှုအခြေအနေ၊ အောက်ခံကျောက်သား ဘူမိဗေဒအခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်မှုဆိုင်ရာ အဓိက လိုအပ်ချက်များ ပြည့်စုံမှုရှိစေရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြေနေရာများ လျာထားရွေးချယ်ထားမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
21-Jan-2023