The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖွဲ့စည်းပုံ/လုပ်ငန်းတာ၀န်


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏နောက်ခံသမိုင်းနှင့် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ

နိဒါန်း

၁။           ကမ္ဘာ့လူနေမှုအဆင့်အတန်းသည် လူသားတို့၏ ဆန်းသစ်တီထွင်မှုများကြောင့် အရှိန် အဟုန်ဖြင့် တိုးတက်ခေတ်မီလျက်ရှိရာ လူ့အသုံးအဆောင်ပစ္စည်းများတွင် လျှပ်စစ်ဓာတ်အားနှင့် လွတ်ကင်းသည့် ပစ္စည်းဟူ၍ မရှိသလောက်ကျယ်ပြန့်စွာ အသုံးချလျက်ရှိပေသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှု များပြားသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်မှု၊ သယ်ပို့ဖြန့်ဖြူးမှုကဏ္ဍများ ကိုလည်း တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ကြရပေသည်။

၂။           ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးစနစ်ကိုဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရာတွင် နိုင်ငံပိုင်စက်ရုံကြီးများ၊ ပုဂ္ဂလိကပိုင်စက်ရုံကြီးများ၊ စက်မှုဇုန်များ တိုးတက်လာ သကဲ့သို့၊ စားသုံးသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်ထွန်းရေးကို အထောက်အကူပြုသည့် လျှပ်စစ် မြစ်ရေတင်လုပ်ငန်းများ ပေါ်ပေါက်လာခဲ့ပါသည်။ ထို့အပြင် မြို့ကွက်သစ်များ၊ မြို့သစ်များ တိုးချဲ့ခြင်း၊ အဆင့်မြင့်အိမ်ရာများတည်ဆောက်ခြင်းတို့ကြောင့် တိုးတက်များပြားလာသောလူနေအိမ်တိုင်းလိုလိုပင် လျှပ်စစ်ကိုအသုံးချသည့်ခေတ်မီအသုံးအဆောင်ပစ္စည်းများတိုးတက်သုံးစွဲလျက်ရှိရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်ရေး၊ စဉ်ဆက်မပြတ်ဓာတ်အားရရှိရေး၊ လျှပ်စစ်ဓာတ်အားကို မှန်ကန်သောနည်းလမ်းဖြင့် စနစ်တကျ အန္တရာယ်ကင်းစွာ သုံးစွဲကြရေး၊ သုံးစွဲသည့်ယူနစ်နှင့် ညီမျှသော ဓာတ်အားခအခွန်တော်ငွေ ကောက်ခံပေးသွင်းရေး စသည်တို့ဖြင့် နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်လျက်ရှိပေသည်။

နောက်ခံသမိုင်း

၃။           ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီပွားရေးနှင့်လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် အရေးကြီးဆုံးဖြစ်ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ဌာနစတင်ဖွဲ့စည်းသည်မှ ယနေ့အထိ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓာတ်အားကို မီးသုံးစွဲသူ များထံသို့ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အဖက်ဖက်မှတိုးတက်သည်ထက် တိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စနစ်တကျ ဓာတ်အားဖြန့်ဖြူးပေးရေးနှင့် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိသော ဝေးလံသည့် ဒေသများသို့ တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးကို အစဉ်တစိုက်အားသွန်ခွန်စိုက်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၄။                လွတ်လပ်ရေးမရမီကာလတွင် မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှုမှာ ကိုလိုနီ စနစ်အုပ်ချုပ်ရေးပုံစံဖြင့် အစိုးရတစ်ပိုင်း ၊ ပုဂ္ဂလိကတစ်ပိုင်းရှိခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းလုပ်ငန်းကို အစိုးရကသာ တာဝန်ယူဆောင်ရွက်ရန်အတွက် ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအက်ဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၅၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက် နေ့တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကို စက်မှုလက်မှု ဝန်ကြီးဌာနလက်အောက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း Electricity Power Corporation ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးဌာနအား အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လျှပ်စစ်ဓာတ်အားကော်ပို ရေးရှင်းသည် အမှတ်(၂)စက်မှုဝန်ကြီးဌာန လက်အောက်တွင် ပါဝင်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ စွမ်းအင်ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ လျှပ်စစ် ဓာတ်အားကော်ပိုရေးရှင်းအား စွမ်းအင်ဝန်ကြီးဌာနအောက်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း Myanmar Electric Power Enterprise (MEPE) အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါ သည်။

၅။           ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဟူ၍ ဖွဲ့စည်းခဲ့ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း၊ ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ ဌာန(၃)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၆။           ၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့မှစ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းသည့်အခါ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လက်အောက်တွင် အောက်ပါအတိုင်း ဌာနကြီး (၄)ခုအဖြစ် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပါသည် -

              (က) လျှပ်စစ်စွမ်းအားဦးစီးဌာန၊ Department of Electric Power (DEP)

              ( ခ ) မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊Myanma Electric Power Enterprise (MEPE)

              ( ဂ ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ Electricity Supply Enterprise (ESE)

              (ဃ) ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ Yangon City Electricity Supply

                      Board (YESB)

၇။           အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ပေါင်းစည်း ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၆ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ရည်မှန်းချက်တာဝန်

၈။      ဝန်ကြီးဌာနကချမှတ်ပေးထားသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမူဝါဒနှင့် ရည်မှန်းချက်များကို အောက်ဖော်ပြပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်-

           (က)    လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနက လျှပ်စစ်စွမ်းအားကဏ္ဍနှင့်စပ်လျဉ်း၍ ရေတိုရေရှည် အစီအမံများ ရေးဆွဲရာတွင် မိမိလုပ်ငန်းနှင့်သက်ဆိုင်သော သတင်းအချက်အလက်နှင့် စာရင်းအင်းများကိုပြုစုပေးခြင်း။

           ( ခ )   ဓာတ်အားစနစ် ပြင်ပတွင်ရှိသည့် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ၊ အခြားစွမ်းအားသုံးဓာတ်အားပေးစက်ရုံများ နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဓာတ်အားစနစ်နှင့် ဆက်သွယ်ထားခြင်းမရှိသော မိမိဒေသအတွင်း သီးခြားဓာတ်အားဖြန့်ဖြူးပေးမည့် ဓာတ်အားပေးစက်ရုံများ၏ တည်ဆောက်ရေး လုပ်ငန်း၊ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

          ( ဂ )   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကအဖွဲ့အစည်းများ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ် ဓာတ်အားဝယ်ယူခြင်း။

          (ဃ)    မိမိတာဝန်ယူရသော ဒေသအသီးသီးတွင် ဓာတ်အားသုံးသူ ပြည်သူလူထုနှင့် နိုင်ငံပိုင် ပုဂ္ဂလိပိုင်စက်ရုံများနှင့် လုပ်ငန်းများ၊ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း။

          ( င )   ဝန်ကြီးဌာနသတ်မှတ်ပေးသော ဓာတ်အားထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်းသည့် လျာထားချက်များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

၉။      အပိုဒ်(၁)ပါလုပ်ငန်းသတ်မှတ်ချက်များ၌ အနာဂတ်တွင်အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၁၀။    ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း။

၁၁။    နှစ်စဉ်ရသုံးခန့်မှန်းခြေ ငွေစာရင်းများပြုစုခြင်း။

၁၂။    ဓာတ်အားသုံးစွဲသူများသို့ အရည်အသွေးပြည့်မီတည်ငြိမ်သော ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ခြင်း။

၁၃။    နည်းပညာဆိုင်ရာ လျှပ်စစ်စွမ်းအားပျောက်ဆုံးမှု ( Technical Loss ) လျှပ်စစ်မီတာ ( kwh Meter)များ၏ ချို့ယွင်းမှုတို့ကြောင့်ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအင်ပျောက်ဆုံးမှုတို့၏ မသမာမှု၊ ပေါ့ဆမှု တို့ကြောင့် ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအင်ပျောက်ဆုံးမှု(Non - Technical Loss)တို့ လျော့နည်းအောင် ကြပ်မတ်ဆောင်ရွက်ခြင်း။

ဝန်ထမ်းအင်အားဖွဲ့စည်းပုံ

၁၄။         လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဖွဲ့စည်းပုံတွင် ဦးဆောင်ညွှန်ကြားရေးမှူး(၁)ဦး၊ အထွေထွေမန်နေဂျာ(၃)ဦး၊ အင်ဂျင်နီယာချုပ်(၂)ဦးတို့ဖြင့် ဦးစီးဦးဆောင်ပြု၍ အောက်ဖော်ပြပါ ဌာနကြီး(၅)ခုဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည် -

           (က) စီမံခန့်ခွဲရေးဌာန

           ( ခ ) ဘဏ္ဍာရေးဌာန

           ( ဂ ) ပစ္စည်းစီမံရေးဌာန

          (ဃ) ဓာတ်အားဖြန့်ဖြူးရေးဌာန

          ( င ) အင်ဂျင်နီယာထောက်ကူဌာန

၁၅။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လက်အောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး(၁၆)ရုံး ရှိပါသည်။ ၎င်းတို့မှာ -

          (က)    အင်ဂျင်နီယာချုပ်ရုံး၊ နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ပြည်ထောင်စု

                   နယ်မြေ)

          ( ခ )   စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဂ )   ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) လျှပ်စစ်အင်ဂျင်နီယာရုံး

          (ဃ)    ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) လျှပ်စစ်အင်ဂျင်နီယာရုံး

          ( င )   မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး

          ( စ )   ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး

          (ဆ)    တနင်္သာရီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဇ )   ကချင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဈ )   ကယားပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

          (ည)    ကရင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဋ )   ချင်းပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဌ )   မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဍ )   ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

          ( ဎ )   ရှမ်းပြည်နယ်(တောင်ပိုင်း) လျှပ်စစ်အင်ဂျင်နီယာရုံး

          (ဏ)   ရှမ်းပြည်နယ်(မြောက်ပိုင်း) လျှပ်စစ်အင်ဂျင်နီယာရုံး

          (တ)    ရှမ်းပြည်နယ်(အရှေ့ပိုင်း)လျှပ်စစ်အင်ဂျင်နီယာရုံးတို့ ဖြစ်ပါသည်။  

၁၆။    တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၏ လက်အောက်တွင် အောက်ဖော်ပြပါ အတိုင်း ရုံး /ခွဲရုံများအားဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည် -

          (က)    အင်ဂျင်နီယာမှူးကြီးအဆင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများ

          ( ခ )   အင်ဂျင်နီယာမှူးအဆင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများ

          ( ဂ )   အင်ဂျင်နီယာမှူးအဆင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ

          ( ဂ )   လက်ထောက်အင်ဂျင်နီယာအဆင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ

          (ဃ)    အငယ်တန်းအင်ဂျင်နီယာ(၂)အဆင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ

          ( င )   လက်ထောက်ကြီးကြပ်ရေးမှူး(မြို့နယ်)အဆင့်  မြို့နယ်လျှပ်စစ်မှူးရုံးများ

          ( စ )   ၆၆ကေဗွီ ဓာတ်အားခွဲရုံများ

          (ဆ)    ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဌာနကြီးများ၏ လုပ်ငန်းတာဝန်များ

စီမံခန့်ခွဲရေးဌာန လုပ်ငန်းတာဝန်များ

         (က)    ဖွဲ့စည်းပုံရေးဆွဲခြင်း၊ ဝန်ထမ်းများ ဌာနပြောင်းရွှေ့ခြင်း၊ ရာထူးအဆင့်တိုးမြင့်ခြင်း၊ ဝန်ထမ်းခန့်ထားခြင်း၊ နှုတ်ထွက်ခွင့်ပြုခြင်း။

         ( ခ)    ဝန်ထမ်းများ၏ခွင့်ကိစ္စများ၊ နှစ်တိုးလစာခံစားခြင်း၊ လုပ်သက်ဆက်စပ်ခြင်း၊ အငြိမ်းစား ယူခြင်း၊ ထိခိုက်မှုလျော်ကြေးခံစားခြင်း၊ လူမှုဖူလုံရေးခံစားခွင့်များ ဆောင်ရွက်ပေးခြင်း။

         ( ဂ)    အရာထမ်း/အမှုထမ်းများအား သင်တန်းများသို့ စေလွှတ်ခြင်း။

         (ဃ)    ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်း၊ အပြစ်ပေးအရေးယူခြင်း။

         ( င)    လစာငွေထုတ်ပေးခြင်း၊ ဝန်ထမ်းသက်သာကိစ္စရပ်များနှင့် ဝန်ထမ်းဝတ်စုံကိစ္စရပ်များ ဆောင်ရွက်ခြင်း။

         ( စ)    စာရင်းပယ်ဖျက်ခြင်း၊ လေလံကိစ္စရပ်များဆောင်ရွက်ခြင်း။

         (ဆ)    ရုံး/ ခွဲရုံ/ ဝန်ထမ်းအိမ်ယာ/ မြေကိစ္စရပ်များဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအိမ်ခန်းနေရာ ချထားခြင်း၊ လုံခြုံရေးနှင့်အထွေထွေတာဝန်ချထားခြင်း။

         ( ဇ)    ဝန်ထမ်းအင်အားစာရင်း ထိန်းသိမ်းခြင်း ၊ ဝန်ထမ်းများ၏ ကိုယ်ရေးရာဇဝင်အား မှတ်တမ်းကတ်တွင် ထည့်သွင်းခြင်း၊ ကိုယ်ရေးဖိုင်များ ထိန်းသိမ်းခြင်း။


ဘဏ္ဍာရေးဌာန လုပ်ငန်းတာဝန်များ

        (က)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဝင်ငွေလျာထားချက်ပြည့်မီရေး၊ ကြွေးကျန် ကျဆင်းရေးနှင့် စာရင်းဇယားများ တိကျမှန်ကန်ရေးတို့အတွက် ဆောင်ရွက်ခြင်း။

        ( ခ)    နိုင်ငံခြားငွေဖြင့် ဓာတ်အားရောင်းရငွေများ လျာထားချက်ပြည့်မီရေး၊ တိုးမြှင့်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း။

        ( ဂ)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ဘတ်ဂျက်များ ရေးဆွဲခြင်း။

        (ဃ)    ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဘတ်ဂျက်ခွင့်ပြုငွေများ ခွဲဝေပေးခြင်း၊ ငွေထုတ်ကန့်သတ်ချက် (Drawing limit) လွှဲပြောင်းပေးခြင်း။

        ( င)    အသုံးစရိတ်များ ကျခံသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့် အညီစနစ်တကျ ကျခံသုံးစွဲရန်ကြပ်မတ် စစ်ဆေးဆောင်ရွက်ခြင်း။

        ( စ)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ရငွေ၊ သုံးငွေ လချုပ်စာရင်းများနှင့် နှစ်ချုပ် စာရင်း ရေးဆွဲတင်ပြခြင်း။

        (ဆ)    တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့လျှပ်စစ်မှူးရုံးများ၏ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း။


၁၉။    ပစ္စည်းစီမံရေးဌာန လုပ်ငန်းတာဝန်များ

          (က)    ပြည်တွင်းမှထုတ်လုပ်သော ပစ္စည်းများဝယ်ယူရေးအတွက် တစ်နှစ်လိုအပ်ချက်စာရင်း ပေးပို့ခြင်း၊ ပစ္စည်းအမှာစာများပေးပို့ခြင်း။

          ( ခ)    ပြည်ပမှထုတ်လုပ်သောပစ္စည်းများအား နိုင်ငံခြားငွေဖြင့် ဝယ်ယူခြင်းနှင့် မြန်မာကျပ်ငွေဖြင့် ကုမ္ပဏီများမှတစ်ဆင့် ဝယ်ယူရေးတို့အတွက် တင်ဒါခေါ်ယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ငွေပေးချေနိုင်ရေး ဆောင်ရွက်ခြင်း။

          ( ဂ)    ဝယ်ယူထားသောပစ္စည်းများကို စနစ်တကျ စစ်ဆေးလက်ခံ၍ သက်ဆိုင်ရာ ဂိုထောင် များတွင် သိုလှောင်ထိန်းသိမ်းခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည်အပ်နှံသည့် ပစ္စည်းများကို စစ်ဆေးလက်ခံခြင်း။

          (ဃ)    အသုံးမလိုသော ပစ္စည်းများကို လေလံတင်ရောင်းချခြင်း၊ စာရင်းမှ ပယ်ဖျက်ခြင်း။

          ( င)    တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှ   တောင်းခံလာသော ပစ္စည်းများနှင့် ပတ်သက်၍ ပစ္စည်းအမှာလွှာများအား စိစစ်လက်ခံခြင်း၊ ပစ္စည်း ထုတ်ပေးခြင်း။

          ( စ)    လိုအပ်ပါက မီးရထား/မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဌာနအရောက်ပို့ဆောင်ပေးခြင်း။

          (ဆ)    တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိ  စတိုများတွင်  ပစ္စည်းများထားသိုမှု မှန်ကန်မှု  ရှိ/မရှိ စစ်ဆေးခြင်း။


၂၀။    ဓာတ်အားဖြန့်ဖြူးရေးဌာန လုပ်ငန်းတာဝန်များ

          (က)    အများပြည်သူ အလင်းရောင်သုံးနှင့် စက်မှုလက်မှုသုံး ဓာတ်အားဖြန့်ဖြူးခြင်း။

          ( ခ)    တိုးတက်တောင်းခံလာသော ဓာတ်အားတောင်းခံမှုများအား တိုးချဲ့ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခြင်း။

          ( ဂ)    ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးချဲ့ရေးအတွက် အချက်အလက် စုဆောင်းခြင်းနှင့် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း။

          (ဃ)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လိုအပ်သောပစ္စည်းများ တွက်ချက်ခြင်း။

          ( င)    လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

          ( စ)    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စွမ်းအင်လုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းများအား ဆောင်ရွက်ခြင်း။

          (ဆ)    လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းအောင် ဆောင်ရွက်ခြင်း။

          ( ဇ)    လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ စက်မှုဇုန်များနှင့် နိုင်ငံပိုင်စက်ရုံကြီးမျာသို့ ဓာတ်အား ဖြန့်ဖြူးပေးခြင်း။


၂၁။    အင်ဂျင်နီယာထောက်ကူဌာန လုပ်ငန်းတာဝန်များ

          (က)    ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်းမရှိသော မြို့များတွင် ဒီဇယ်ဓာတ်အားပေး စက်များဖြင့် ဓာတ်အားပေးခြင်း။

          ( ခ)    ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်းမရှိသော မြို့များတွင် အသေးစားရေအား ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးခြင်း။

          ( ဂ)    မော်တော်ယာဉ်များ ထိန်းသိမ်းပြုပြင်ခြင်း၊ စက်ယန္တရားများ ထိန်းသိမ်းပြုပြင်ခြင်း။

          (ဃ)    တောင်ပိုင်းအလုပ်ရုံ(ရန်ကုန်)တွင် ဒီဇယ်ဓာတ်အားပေးစက်များ ပြုပြင်ခြင်း၊ အသေးစား ရေအားပေးစက်များ ပြုပြင်ခြင်း။

          ( င)    မြို့ပြအဆောက်အဦများ (ဝန်ထမ်းအိမ်ရာများ၊ ရုံးများ၊ စတိုဂိုထောင်များ၊ ခွဲရုံ အဆောက် အဦများ၊ ရိပ်သာများ) တို့ကို အသစ်ဆောက်လုပ်ပေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း။