The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

တစ်ဉီးချင်းမှသည် ပြည်သူအားလုံး စွမ်းအင်ကိုအကျိုးရှိစွာ အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့

          လူတစ်ဉီးချင်း၏ကြည့်ရှု၍ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာကြသည်။ ပြည့်စုံ ချမ်းသာသည့်နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်းစီသည် လျှပ်စစ်ကိုပိုမိုသုံးစွဲကြပြီး နိုင်ငံမပြည့်စုံ၊ ချို့တဲ့ပါက လျှပ်စစ်ကိုသုံးစွဲမှု နည်းပါးမည်သာ။ မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ကို ပြည်သူတိုင်း သုံးစွဲခွင့်ရရှိရန် စွမ်းအင်အမျိုးမျိုးကိုအခြေခံကာထုတ်လုပ်ပြီး လျှပ်စစ်စွမ်းအားလိုအပ်ချက်ကို ဖြည့်တင်းလျက်ရှိသည်။

          မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခြေလှမ်းမှန်မှန်လျှောက်လှမ်းချိန်တွင် လူတစ်ဦးချင်းစီ၏ လျှပ်စစ်ပိုမိုသုံးစွဲနိုင်ရေးသည် အရေးကြီးသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အစိုးရတာဝန်ယူဆောင်ရွက်နေသည့် တတိယ(၁)နှစ်တာ အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၃၇၀ အထိ ရှိလာသည့် အတွက် ယခင်နှစ်ကထက် လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲမှု ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ အထိ မြင့်တက်လာခဲ့သည်ဟု အစိုးရ၏ တတိယ(၁)နှစ်တာ ဖြတ်သန်းမှုများအကြောင်းတွင် ထည့်သွင်း ပြောကြားသည်။

          မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက မြို့ကြီးများတွင် လျှပ်စစ်မီးရရှိထားသော်လည်း ကျေးရွာများ တွင်မူ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲရန် ခက်ခဲနေဆဲဖြစ်သည်။ ဝေးလံခေါင်ဖျားဒေသဖြစ်ခြင်း၊ ဓာတ်အားလိုင်းတွေ ဆက်လက်တည်ဆောက်ပေးရန် လိုအပ်ချက်များကြောင့် မရရှိခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိစေရန်ရည်မှန်း

          တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံးအနက်မှ ၄၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိနေပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်များမှာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲရာတွင် အနည်းဆုံး အိမ်ထောင်စု ၅၅ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲ နိုင်ရမည်ဖြစ်ပြီး အနာဂတ်ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စု  ၇၅ ရာခိုင်နှုန်း ကိုလည်းကောင်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်အရောက်တွင် မြန်မာတစ်နိုင်ငံလုံး၏ အိမ်ထောင်စုအားလုံး တို့တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရှိရေးကိုလည်းကောင်း ဝန်ကြီးဌာနမှ ဉီးဆောင် ကြိုးပမ်းလျက်ရှိသည်။

          “ပြည်သူတွေဟာ လျှပ်စစ်ဓာတ်အားရရှိဖို့လိုအပ်တဲ့အတွက် တတိယ(၁)နှစ်တာအတွင်း ဒုတိယနှစ်ထက် လျှပ်စစ်ပမာဏ ၁၂ ရာခိုင်နှုန်း တိုးထုတ်ပေးနိုင်ခဲ့ပါတယ်။ အစိုးရသစ်ရဲ့ ပထမ (၁)နှစ်တာမှာ ယမန်နှစ်ထက် ၁၁ ရာခိုင်နှုန်း၊ ဒုတိယ(၁)နှစ်တာမှာ ယမန်နှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးထုတ်နိုင်ခဲ့တာကြောင့် အားရကျေနပ်မိပါတယ်”  ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

နွေရာသီအမြင့်ဆုံးသုံးစွဲမှု ၃၇၀ဝ မဂ္ဂါဝပ်ရှိလာ

          လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင်လည်း လက်ရှိကာလသည် အမြင့်ဆုံးသုံးစွဲသည့် ကာလဖြစ် သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးပမာဏဖြစ်သည့် ၃၇၀ဝ မဂ္ဂါဝပ်ရှိပြီး နွေရာသီသို့ ရောက်ရှိလာသည့်အတွက် သုံးစွဲမှုပိုမိုမြင့်တက်လာနေကြောင်းကိုလည်း ဝန်ကြီးဌာန ကိန်းဂဏန်း များအရ သိရှိရသည်။ လျှပ်စစ်အမြင့်ဆုံး သုံးစွဲရာတွင်  ၂၀၁၅ ခုနှစ်က ၂၃၅၀ မဂ္ဂါဝပ်သာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၂၆၇၀ မဂ္ဂါဝပ်အထိ မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်တွင်မူ ၂၉၀ဝ မဂ္ဂါဝပ် ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်မူ မဂ္ဂါဝပ် ၄၀၀ ခန့် ပိုမိုသုံးစွဲလာပြီး ရာခိုင်နှုန်းအားဖြင့် လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် ယမန်နှစ်ကထက်  ၁၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းပင်ဖြစ်သည်။

“အခုလိုတစ်နှစ်အတွင်းမှာ ဓာတ်အားမဂ္ဂါဝပ် ၄၀ဝ အထိ တိုးတက်သုံးစွဲလာတာက တော်တော်ကြီးမားတဲ့ ပမာဏဖြစ်ပြီး စက်ရုံအကြီးကြီးတွေ၊ လိုအပ်တဲ့ပမာဏလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဓာတ်အားပေးစက်ရုံတွေ များများတည်ဆောက်ပေးဖို့ လိုပါတယ်။ ဒီကဏ္ဍဟာ အရင်းအနှီးနဲ့ အချိန်တွေအများကြီးပေးရပါတယ်။ ရေတိုကာလအတွင်း လျှပ်စစ်နဲ့ဘဏ္ဍာငွေကြေး တွေလည်း အများကြီးလိုအပ်ပါတယ်။ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်စရာမလိုဘဲ  အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားပိုထုတ်နိုင်ဖို့ တည်ဆောက်ထားပြီးဖြစ်တဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကနေ နှစ်စဉ်ဒီဇိုင်းအရ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ပမာဏထက် ပိုတိုး ထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။”ဟု လျှပ်စစ်ပိုမိုးတိုးတက်သုံးစွဲနိုင်ကြရန် ကြိုးပမ်းနေကြောင်းကို ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

ဓာတ်အားထုတ်နိုင်စွမ်းအားမြှင့်တင်

          ဘီလူးချောင်း(၁) ရေအားလျှပ်စစ်စက်ရုံသည် ဒီဇိုင်းအရ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်း ၂၀၀ ထုတ်ပေးလျက်ရှိသည်။ သို့သော် ယင်းအခြေအနေကို တိုးချဲ့ထုတ်လုပ်ရန် ကြိုးပမ်းသည့်အခါ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၄ အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထုတ်လုပ်မှုပမာဏ ၁၀၇ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းပင်ဖြစ်သည်။ ထို့ပြင် လောပိတစက်ရုံမှ တစ်နှစ်ကို မဂ္ဂါဝပ် နာရီ ၁၁၉၀ ထုတ်ပေးနိုင်သည့် ဒီဇိုင်းရှိသော်လည်း ၁၂၆၂ မဂ္ဂါဝပ်နာရီအထိ တိုးထုတ်နိုင်ခဲ့ခြင်း ကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အလတ်စားစက်ရုံတစ်ရုံစာရဲ့  တစ်နှစ်စာ ထုတ်လုပ်မှု ပမာဏအထိ တိုးထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘီလူးချောင်း(၃)နှင့် ကင်းတားစက်ရုံ၊ မုန်းရေအား လျှပ်စစ်စက်ရုံ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ရွှေကျင်၊ သဖန်းဆိပ်၊ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ စသည်တို့တွင်လည်း စက်ရုံဒီဇိုင်းများထက် ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရသည်။

          တည်ရှိပြီးသားစက်ရုံများမှ လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့်အပြင် အစိုးရသစ်၏ တတိယ(၁)နှစ်တာအတွင်း မြင်းခြံမြို့နယ်၌ သဘာဝဓာတ်ငွေ့သုံးပေးစက်ရုံ(၂)ရုံ၊ ကျောက်ဆည်မြို့နယ်၌ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ(၁)ရုံ၊ သထုံမြို့နယ်၌ ဓာတ်အား ပေးစက်ရုံ(၁)ရုံ၊ ရာဇဂြိုလ်နှင့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံတို့ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ် ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

ဓာတ်အားလိုင်းများတိုးချဲ့တည်ဆောက်

လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဖြန့်ဖြူးနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားလိုင်းကြီးများ တည်ဆောက်ရပြီး တတိယ(၁)နှစ်တာအတွင်း တည်ဆောက်ဆဲ ဓာတ်အား လိုင်းများစွာရှိပြီး ၂၃၀ ကေဗွီ ဓာတ်အားလိုင်း(၁)လိုင်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၁၁)လိုင်း၊ စုစုပေါင်း ဓာတ်အားလိုင်း (၂၄၄၉)မိုင်၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ(၁)ရုံ၊ ၆၆ ကေဗွီခွဲရုံ (၂၉)ရုံ၊ ၃၃ကေဗွီ ခွဲရုံ(၁၀)ရုံ၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၄၃၃၈ လုံး၊  စုစုပေါင်း ၁၃၃၆ အမ်ဗွီအေ တို့ကို ပြီးစီးအောင် ဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၆ ခုနှစ် မတ်လမှာ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရတဲ့ အိမ်ထောင်စု ဦးရေ ၃၄ ရာခိုင်နှုန်းရှိပါတယ်။ ယခုဖေဖော်ဝါရီလကုန်အထိ ယခုနှစ်မှာဆိုရင် အိမ်ထောင်စုပေါင်း ၄.၈သန်းအထိ ရရှိခဲ့တဲ့အတွက် ၄၄ ရာခိုင်နှုန်း ရရှိလာတာဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အိမ်ထောင်စု(၄၅၀၀၀၀) လျှပ်စစ်ဓာတ်အား တိုးတက်ရရှိတာဖြစ်ပါတယ်။ (၃)နှစ်တာ ကာလကို ခြုံကြည့်ရင် လျှပ်စစ်ရရှိတဲ့ အိမ်ထောင်စုဦးရေ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆက်လက်ရှင်းပြသည်။

မြို့ငယ်နှင့်ကျေးရွာများ မီးရရှိရန်ဆောင်ရွက်ပေး

လျှပ်စစ်ဓာတ်အားအသုံးပြုမှု တိုးတက်လာပုံတွင် မြို့ကြီးအများစုသည် လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ကြပြီဖြစ်သည်။ သို့သော် လျှပ်စစ်ဓာတ်အားမရရှိသေးသည့် မြို့နယ်များလည်း ကျန်ရှိ နေသေးရာ ယင်းအနက်မှအစိုးရ၏ တတိယ(၁)နှစ်အတွင်း တကောင်းမြို့အပါအဝင် မြို့ပေါင်း (၉)မြို့နှင့် ကျေးရွာပေါင်း ၂၃၃၁ ရွာတို့တွင် လျှပ်စစ်ဓာတ်အားကို စတင်အသုံးပြုခွင့်ရရှိကြပြီ ဖြစ်သည်။

“ ရခိုင်ပြည်နယ်မှာ မြို့အားလုံး လျှပ်စစ်ဓာတ်အားရသွားတဲ့အခြေအနေမှာ မာန်အောင်မြို့ မပါရှိပါဘူး၊ သို့သော် မာန်အောင်မြို့ကို လျှပ်စစ်ဓာတ်အားရရှိဖို့ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ(၁)ရုံကို ပြီးခဲ့တဲ့နှစ်က စတင်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၃၂၇၇ ရှိတဲ့အနက် လက်ရှိအချိန်မှာ ကျေးရွာ ၃၃၈၉၄ ရွာအထိ လျှပ်စစ်ဓာတ်အား ပေးဝေ နိုင်ခဲ့တဲ့အတွက် ကျေးရွာများအားလုံးရဲ့ (၅၄) ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထား နိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးဝေရခြင်းကို သုံးသပ်ပြသည်။

သတ်မှတ်ဝန်အားထက်ပိုမိုသုံးစွဲနေ

          သတ်မှတ်ထားသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပမာဏထက် ကျော်လွန်သုံးစွဲခြင်းကြောင့် ဝန်အားမမျှသည့် ပြဿနာများကို အစဉ်သဖြင့် ကြုံတွေ့နေရသည့် လျှပ်စစ်ကဏ္ဍသည် ဖြေရှင်းရ ခက်ခဲသည့် အခြေအနေသို့ မကြာခဏ ရောက်ရှိတတ်သည်ကို ပြည်သူအားလုံး သိရှိကြပြီးဖြစ်သည်။ “ လူတွေကမီးပိုသုံးတယ်။ စက်မှုဇုန်တွေကလည်း သတ်မှတ်အားထက် ပိုသုံးတယ်၊ ပင်မခွဲရုံတွေ၊ ဖြန့်ဖြူးရေးခွဲရုံတွေရဲ့ ထရန်စဖော်မာတွေက ဝပ်အားတက်လာပြီး ပိုတိုးတပ်ဆင်နိုင်အောင် ဘဏ္ဍာငွေအများကြီးလိုတယ်။ အချိန်မီမဆောင်ရွက်နိုင်တဲ့အခါ ပြည်သူကလျှပ်စစ် အခက်အခဲတွေ ကြုံရတယ်။ ဒီနှစ်မှာလည်း ဒီလိုအဖြစ်မျိုး မဖြစ်ရအောင်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဝန်အားပြည့်နေတဲ့ ဓာတ်အားခွဲရုံတွေမှာ ၁၃၅၂ အမ်ဗွီအေ  အင်အားရှိတဲ့ ထရန်စဖော်မာတွေ တိုးချဲ့တည်ဆောက်ပေးခဲ့တယ်”ဟု ပြည်ထောင်စုဝန်ကြီးက တတိယ(၁)နှစ်တာအတွင်း အတွင်း တိုးချဲ့တည်ဆောက်ပေးခဲ့သည့် အခြေအနေအား ရှင်းလင်းပြောကြားသည်။

မကြာခဏကြုံရသည့် System Breakdown

ထို့ပြင်ပြည်သူများအကြား ရေပန်းစားသည့် ဝေါဟာရတစ်ခုမှာ System Breakdown ပင် ဖြစ်သည်။ ယင်းအခြေအနေတွင် နေရာဒေသအတော်များများ လျှပ်စစ်ဓာတ်အားပြတ်တောက် သွားခဲ့ပြီး အချိန်မီ ပြန်လည်ပြုပြင်မပြီးစီးမီအထိ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် မရရှိကြသည်ကို ကြုံတွေ့ခဲ့ကြဖူးသည်။  အစိုးရသစ် စတင်တာဝန်ယူသည့်ကာလ ၂၀၁၆ - ၂၀၁၇ နှစ်များအတွင်း System Breakdown ဖြစ်ပွားမှုသည် တစ်နှစ်အတွင်း ၁၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ကို ပြည်သူများ ခံစားခဲ့ကြရသည်။

အထူးသဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့် တာဝါတိုင်များလဲခြင်းမှ အစပြုခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့တွင် အကြိမ်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုကို ကြုံခဲ့ကြရသည်။

“တတိယ(၁)နှစ်တာအတွင်းမှာ System Breakdown နှစ်ကြိမ်သာဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဓာတ်အားလိုင်းတွေပြတ်တောက်မှုကို အလိုအလျောက်ပြန်လည်ဆက်သွယ် ပေးတဲ့စနစ်  (Tele-protection and Auto-Reclosing Function) ကိုတပ်ဆင်ဆောင်ရွက်တဲ့ အတွက် ဖြစ်ပါတယ်။ ဓာတ်အားလိုင်း အပြစ်ဖြစ်ပြီး ဓာတ်အားလိုင်း ပြတ်တောက်သွားချိန်မှာ ချက်ချင်းပြန်တင်(One Trial) နိုင်ခဲ့တဲ့အတွက် ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု တိုးတက် ဆောင်ရွက်နိုင်ခဲ့ပုံကို ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

ရေအားလျှပ်စစ်ပိုမိုတိုးထုတ်နိုင်အောင် ဆောင်ရွက်

          ရေအားလျှပ်စစ်သည် မြန်မာနိုင်ငံ လျှပ်စစ်ပေးဝေရေး၏ အခြေခံလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်ဖြစ်ပြီး မြန်မာနိုင်ငံသည် သဘာဝစွမ်းအင်များ ပြည့်ဝစွာရရှိထားသည့် နိုင်ငံ ဖြစ်သည့်အားလျော်စွာ အခြားသော သဘာဝစွမ်းအင်များကိုလည်း အကျိုးရှိအောင်ရယူ သုံးစွဲရန် အတွက် လည်းကြိုးပမ်းလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် နေရောင်ခြည်ကို အကျိုးရှိစွာအသုံးချပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။ မင်းဘူးနေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ယခုလကုန်တွင် ၂၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားကို စတင်ထုတ်လုပ်မည်ဟု သိရှိရပြီး လာမည့် ဧပြီလတွင် ၂၀ မဂ္ဂါဝပ် ထပ်မံတိုးတက် ထုတ်လုပ်ခြင်းဖြင့် စီမံကိန်း၏ ပထမအဆင့် ဖြစ်သည့် ၄၀ မဂ္ဂါဝပ်ကို ထုတ်လုပ်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

မီတာအမျိုးအစားပြောင်းလဲသတ်မှတ်လာ

          ထို့ပြင်အိမ်သုံးမီတာများနေရာတွင် 4 meter အိမ်သုံး ဒီဂျစ်တယ်မီတာများနှင့် အစားထိုး လဲလှယ်တပ်ဆင်ပေးခြင်းများကို အစိုးရသစ်၏ တတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်လျက်ရှိ သည်ကိုမြင်တွေ့ရသည်။ တစ်နှစ်တာအတွင်း ၅/ ၃၀ အမ်ပီယာ ကျေးရွာသုံးမီတာ ၁၃၆၁၆၃ လုံး၊ ၁၀/၃၀ အမ်ပီယာ မြို့ငယ်သုံးမီတာအရေအတွက် ၁၈၀၈၄၈ လုံး၊ ၁၀/၆၀ အမ်ပီယာ မြို့ကြီးသုံး  မီတာအရေအတွက် ၉၉၀၈၅ လုံး တပ်ဆင်ပြီးခဲ့ပြီး စုစုပေါင်းတစ်နှစ်အတွင်း မီတာ လေးသိန်းကျော် တပ်ဆင်ပြီးစီးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

          4 meter အိမ်သုံးမီတာများသည် ကျေးလက်နေပြည်သူများအတွက် မီတာအဖိုးအခနှုန်းများ သက်သာစေပြီး မိမိသုံးစွဲလိုသည့် မီတာအမျိုးအစားအလိုက် ဈေးနှုန်ုးများ ခွဲခြားထားသည့်အတွက် ရွေးချယ်သုံးစွဲနိုင်သည့်အပြင် လျှပ်စစ်ခိုးယူသုံးစွဲခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများကိုလည်း ပိုမို ကာကွယ်ပေးနိုင်သည်ဟု တာဝန်ရှိသူများထံမှသိရှိရသည်။

          “အခုလို ပြည်သူတွေ လျှပ်စစ်ဓာတ်အားကို ပိုမိုးသုံးစွဲနိုင်ဖို့အတွက် တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ကိုင်ဖို့ ဘဏ္ဍာငွေကိစ္စရပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်ရပါတယ်။ ချေးငွေရရှိဖို့ ကျွန်တော်တို့ဟာ  World Bank ၊ JICA စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Donor Agency တွေကနေလည်း အတိုးသက်သာတဲ့ဈေးနှုန်းနဲ့ ချေးငွေတွေရယူပြီး ဆောင်ရွက်နေရတာလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုဘဏ္ဍာငွေကိုလည်းရယူပြီး ဆောင်ရွက်ပေးရတာ ရှိပါတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ နှစ်စဉ်ဘတ်ဂျက်တွေထဲကလည်း ဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလိုဆောင်ရွက်ပေးပြီး လျှပ်စစ်ဓာတ်အားကို ပိုမိုးတိုးတက်ရရှိနိုင်အောင် လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟုဒုတိယဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်လိုအပ်ချက်နေ့စဉ်မြင့်တက်

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်ကာလနှင့် နှိုင်းယှဉ်ပါက တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၂ ဆ ခန့် မြင့်တက်လာနေခြင်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင် လျှပ်စစ်ရရှိမှု ကလည်း အဆင့်ဆင့်တိုးတက်လာနေခဲ့ပြီး နောက်လာမည့် (၅)နှစ်ပြည့်မြောက်ပါကလည်း (၂)ဆကျော် တိုးတက်ထုတ်လုပ်လာမည်ဟု လျှပ်စစ်ကဏ္ဍဖော်ဆောင်သူများက ခန့်မှန်းထားကြ သည်။ ယင်းအခြေအနေသည် လိုအပ်ချက်များကို လိုအပ်သလောက် ဖြည့်ဆည်းတိုးချဲ့ပေးလျက် ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။

“ဒီလိုဖြည့်ဆည်းပေးနိုင်ဖို့ နည်းပညာတွေ၊ လုပ်အားတွေ၊ ဘတ်ဂျက်တွေ စတဲ့လိုအပ်ချက် တွေက အများကြီးရှိပါတယ်။ ဒါကကျွန်တော်တို့ ရင်ဆိုင်နေရတဲ့အရာတွေ ဖြစ်ပါတယ်။ နောက် တစ်ခုက ပြည်သူလူထုဟာ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်ကိုလိုချင်ကြတယ်။ မီးမပျက်ချင်ဘူး၊ မီးအတက်အကျမှန်ချင်တယ်။ ဝန်ဆောင်မှုကောင်းတာလိုချင်ကြပါတယ်။ ဝန်ဆောင်မှုကောင်းအောင် လိုချင်တာကို ဖြည့်ဆည်းပေးပို့ ကြိုးပမ်းနေပါတယ်။ မီးပျက်လျှင်လည်းကြိုတင်အသိပေးတာ မျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်လည်း လုပ်ဆောင်နေပါတယ်။ သို့သော် ဝန်ဆောင်မှုကောင်းအောင် လုပ်ပေးဖို့ ဝန်ထမ်းလိုအပ်ပါတယ်။ ဝန်ထမ်းခန့်အပ်ခွင့်နဲ့ ဝန်ထမ်းဦးရေပမာဏဟာ များစွာ ကွာခြားနေပါတယ်” ဟု လျှပ်စစ်ဓာတ်အား လူတိုင်း အကျုံးဝင်ရရှိအသုံးပြုရေးအတွက် စိန်ခေါ်မှု များအကြောင်းကိုလည်း ဒုတိယဝန်ကြီးကပြောပြသည်။

လျှပ်စစ်ဝန်ထမ်းများ၊ ကျွမ်းကျင်လျှပ်စစ်ပညာရှင်များ နည်းပါးနေခြင်းကို ပြည်သူက သတိမထားမိ၊ ဝန်ထမ်းပမာဏဖြည့်တင်းရန်အတွက် အတားအဆီးများ ရှိနေသည်မှာ အမှန်ပင် ဖြစ်ကြောင်း လျှပ်စစ်ဝန်ထမ်းများထံမှသိရှိရသည်။

ဝန်ဆောင်မှုအတွက်အမှုထမ်းလိုအပ်

“ မီးပျက်နေတယ်လို့ပြောရင် ချက်ချင်းလာပြီး ပြင်ပေးတဲ့ဝန်ဆောင်မှုမျိုးကို ပြည်သူတွေက လိုချင်ကြတယ်။ အဲဒီလိုအတွက် ဝန်ထမ်းလိုအပ်သလို ချက်ချင်းသွားနိုင်ဖို့ ယာဉ်၊ ယန္တရား လိုအပ်ပါတယ်။  ဒါ့ကြောင့် ဒီလိုစိန်ခေါ်မှုတွေကို ယနေ့ထိ ဖြေရှင်းနိုင်ဖို့ခက်ခဲနေတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးကပြောသည်။

မြန်မာနိုင်ငံအတွင်း မဖြစ်မနေ ဖြန့်ဖြူးပေးနေရသည့် လျှပ်စစ်ကဏ္ဍသည် အဆမတန် ကြီးမားသည့် အရှုံးပေါ်ခြင်းကိုလည်း ရင်ဆိုင်နေကြရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အရှုံး ပမာဏမှာ ငွေကျပ် ၄၂၂ ဘီလီယံကျော် ရှိခဲ့ပြီး ထုတ်လုပ်ရေးကဏ္ဍတစ်ခုတည်းတွင် အရှုံးပြ ပမာဏဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။ အဆိုပါနှစ်က ဘတ်ဂျက်ကြိုတင်တွက်ချက်ခန့်မှန်းရာတွင် ငွေကျပ်ဘီလီယံ ၃၆၀ ကျော် ဆုံးရှုံး မည်ဟုခန့်မှန်းသော်လည်း လက်တွေ့ဆုံးရှုံးမှုမှာ ငွေကျပ် ၄၂၂ ဘီလီယံအထိ မြင့်တက်ခဲ့သည်။  ၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် အရှုံးခန့်မှန်းခြေ တွက်ချက်ထားသည့် ဘတ်ဂျက်မှာ ငွေကျပ်ဘီလီယံ ၆၀၀ ကျော်ဖြစ်ပြီး ယင်းအရှုံးကို လျော့နည်းသက်သာစေရန်အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူ များသည် ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်းသက်သာစေရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။

အရှုံးကိုကာမိမှသာ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်

အရှုံးကိုကာမိစေရန်အတွက် ရေအားလျှပ်စစ်မှ ရရှိလာမည့် ဓာတ်အားကို ပိုမိုတိုးချဲ့ ထုတ်လုပ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ရေအားလျှပ်စစ်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းစနစ် သည် စရိတ်ပိုမိုသက်သာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “လျှပ်စစ်လည်းပိုထွက်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်က ပိုသက်သာမှသာ အရှုံးကိုပိုပြီးထိန်းနိုင်မယ်။ ပြည်သူတွေလိုတဲ့ လျှပ်စစ်ကိုလည်း ပိုထုတ်နိုင်မယ်ဆိုတဲ့သဘောနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီနှစ်မှာ ငွေကျပ် ၁၆၂ ဘီလီယံလောက် အရှုံးကိုသက်သာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၁၀၆ သန်း အရှုံး သက်သာတာဖြစ်ပါတယ်။” ဟု အစိုးရသစ်၏တတိယ(၁)နှစ်တာအတွင်း လုပ်ဆောင်ခဲ့သည့် အခြေအနေများကို ဒုတိယဝန်ကြီးကပြန်လည်ရှင်းပြသည်။

ဘတ်ဂျက်စာရင်းအရ ခြောက်လတာ ဘတ်ဂျက်ဖြတ်သန်းချိန်အစဝယ် အရှုံးခန့်မှန်း တွက်ချက်မှုတွင် ငွေကျပ် ၃၀၉ ဘီလီယံအထိ ရှိနေသော်လည်း ငွေကျပ် ၇၆ ဘီလီယံခန့် အရှုံး သက်သာစေရန် ကြိုးပမ်းခဲ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

“ ဒီကာလတစ်လျှောက်မှာ အများကြီးရှုံးခဲ့ပါတယ်။ ဒီပမာဏတွေထဲက အများကြီးထပ်ပြီး အရှုံးသက်သာအောင် ကြိုးပမ်းနေပါတယ်။ အရှုံးပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားကနေ ပြောင်းလဲရမယ်ဆိုတာကို ပြည်သူတွေသိအောင် အစဉ်တစိုက်ပြောကြားနေပါတယ်” ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။

ကြီးမားသည့်အရှုံးကိုပပျောက်အောင် မစွမ်းဆောင်နိုင်သေး

          ဓာတ်အားခအရှုံးပေါ်တိုင်း ပြည်သူပေးဆောင်ရသည့်ဓာတ်အားခ မြင့်တက်မည်မဟုတ်ဘဲ အရှုံးပေါ်သည့် ပမာဏကို လုပ်ငန်းဆောင်ရွက်သည့်အခါ အရှုံးလျော့နည်းစေရေးကို ပထမဦးစွာ ကြိုးပမ်းခဲ့ကြောင်း၊ ထုတ်လုပ်မှုစရိတ်လျှော့ချခြင်း၊ ဓာတ်အားပျောက်ဆုံးမှုကို လျော့နည်းအောင် လုပ်ခြင်း၊ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ခြင်းဖြင့် ဝင်ငွေတိုးအောင် ကြိုးပမ်းရကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ်တွင် လျှပ်စစ်(၁)ယူနစ်ထုတ်တိုင်း ငွေကျပ် ၁၁၀ မှ ၁၁၅ အထိ ကုန်ကျသည့်အချိန်ဝယ် ပြည်သူလူထုအတွက် တစ်ယူနစ်လျှင် ငွေကျပ် ၃၅ ကျပ် မှ ၅၀ကျပ် အကြား ရောင်းချခြင်းသည် ထုတ်လုပ်မှုစရိတ်နှင့် ရောင်းချမှုစရိတ်တို့ များစွာကွာခြားသည့်အတွက် မည်မျှပင်ကြိုးစားပမ်းစား ဆောင်ရွက်ထားသော်လည်း အရှံးပမာဏကြီးမရှိအောင် ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

“ ဒါကြောင့် သင့်တင်မျှတတဲ့ဓာတ်အားခတွေကို တောင်းခံမှသာ အရှုံးကိုကာမိအောင် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒီအရှုံးဟာ လျှပ်စစ်မီးသုံးစွဲခွင့်ရနေတဲ့ ၄၄ ရာခိုင်နှုန်းသော ပြည်သူတွေ အတွက် အရှုံးဖြစ်ပါတယ်။ ဒီငွေတွေဟာ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေလို့ပြောပေမယ့် ၁၀ဝ ရာခိုင်နှုန်း သော ပြည်သူများရဲ့ ငွေကြေးဖြစ်ပါတယ်။ လျှပ်စစ်မရသေးတဲ့ ၅၆ ရာခိုင်နှုန်းနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာငွေဖြစ်ပါတယ်။ သူတို့တွေ အကျိုးခံစားခွင့်မရပါဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အား မရတဲ့ သူတွေအတွက် ကြိုးပမ်းတည်ဆောက်ပေးတယ်။  ဒါ့ကြောင့် လျှပ်စစ်ရရှိပြီး ပြည်သူတွေက လျှပ်စစ် မရသေးတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာတရားထားပြီး ကိုယ်သုံးတဲ့ လျှပ်စစ်ရဲ့တန်ဖိုးကို ပေးသွင်း ခြင်းဖြင့် ကျန်တဲ့လျှပ်စစ်မရသူတွေအတွက် အကျိုးဖြစ်ထွန်းပြီး၊ လျှပ်စစ်ကဏ္ဍဖူလုံပြည့်စုံလာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဦးဆောင်ဖြေရှင်းပေး နေရသည့်အနေအထားကို ဒုတိယဝန်ကြီးက တတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်မှုအဖြစ် ရှင်းလင်းပြောကြားသည်။

စွမ်းအင်ကဏ္ဍအဖြေရှာ

လျှပ်စစ်ကဏ္ဍကဲ့သို့ပင် စွမ်းအင်ကဏ္ဍသည် မြန်မာ့စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံ၏အဓိကကျသည့်ဝင်ငွေကို စွမ်းအင်ကဏ္ဍမှ ရရှိဖြည့်ဆည်းပေးလျက်ရှိပါသည်။ နိုင်ငံ၏ စီးပွားရေးအခြေခံ မြင့်မားစေရန်အတွက် စွမ်းအင် အရင်းအမြစ်များ တူးဖော်ခြင်းမှ ပိုမိုရောင်းချရခြင်းဖြင့် ဖော်ဆောင်ကြရသည်။ စွမ်းအင်ကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် အဓိကမှာ ရေနံရှာဖွေရေးပင်ဖြစ်သည်။ ထို့အပြင်   သဘာဝဓာတ်ငွေ့ ရှာဖွေမှုများကိုလည်း လုပ်ဆောင်ကြရသည်။ ယင်းကဲ့သို့ ရှာဖွေထုတ်လုပ်နိုင်ရန်အတွက် အစမ်း တွင်းပေါင်းများစွာကို ပထမဉီးစွာ ရှာဖွေတူးဖော်ကြရသည်။

          “အစိုးရသစ်တာဝန်ယူပြီး ယခုတတိယ(၁)နှစ်တာအတွင်းမှာ ကုန်းတွင်းပိုင်း ရေနံတွင်းပေါင်း ၂၂ တွင်းကို တူးဖော်ခဲ့ပါတယ်။ အဲဒီကုန်းတွင်းရေနံတွင်း ၂၂ တွင်းကနေ ရေနံစည်ပေါင်း ၂.၃၁ သန်းကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုက ကုဗပေသန်း ၁၉၀၁၉ အထိ ထုတ်လုပ်ခဲ့ပါတယ်”  ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

          ကုန်းတွင်းပိုင်းအပြင် ကမ်းလွန်ရှာဖွေရေးများအနေဖြင့် ကမ်းလွန်တွင်း ၄၆ တွင်းကို တူးဖော်ခဲ့ပြီး ရေနံ(လေဆီ)စည်ပေါင်း ၁.ဝ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ၆၀၄၈၁၈ ကုဗပေသန်းကို ထုတ်လုပ်နိုင်ခဲ့ကြောင်း (၁)နှစ်တာ မှတ်တမ်းများအရ သိရှိရသည်။ ကုန်းတွင်းနှင့် ကမ်းလွန်ထုတ်လုပ်မှု ပမာဏ စုစုပေါင်းမှာရေနံစည်ပေါင်း ၃.၃၃ သန်းနှင့် သဘာဝဓာတ်ငွေ့ ၆၂၃၈၃၈ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကိန်းဂဏန်းများ အရ သိရှိရသည်။

ကမ်းလွန်လုပ်ကွက်များသည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် စီးပွားရေး အခြေခံ ကောင်းများဖြစ်ကြပြီး ကမ်းလွန်တွင်ရှိနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေဖော်ထုတ် တွေ့ရှိခြင်းဖြင့် လတ်တလောတွင် ရှာဖွေနိုင်သမျှ စွမ်းအင်များကို ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်သည့်အပြင် ရေနံသိုက်များနှင့် သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိမည်ဆိုပါက မြန်မာနိုင်ငံသည် နောင်အနှစ် ၂၀ ခန့် ကြိုးစားရှာဖွေကြရမည့် ဝင်ငွေမျိုးကို အချိန်တိုအတွင်း တိုးတက်ရရှိနိုင်မည်ဖြစ်သည်။

ဝင်ငွေရရှိခြင်းအပြင် ထွက်ရှိလာသည့် စွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံများအနက် အရေးပါသော လျှပ်စစ်ဓာတ်အားရရှိရေး အားကောင်းလာသည်နှင့်အမျှ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ခြင်းကြောင့် ကမ်းလွန်လုပ်ကွက်အသစ်များကို ဝန်ကြီးဌာနမှ ရှာဖွေဖော်ထုတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ အစိုးရသစ်လက်ထက် ယခုကာလအတွင်း ကမ်းလွန်စီမံကိန်း လုပ်ကွက်အသစ်(၄)ခုကို ဆောင်ရွက်လျက်ရှိသည်။ လုပ်ကွက်အသစ်များမှာ A6၊  AD1 ၊ AD7 နှင့် M3 တို့ ဖြစ်ကြသည်။

“အစိုးရသစ်ရဲ့တတိယ (၁)နှစ်တာအတွင်းမှာ ဝန်ကြီးဌာနကနေ အလားအလာကောင်းတဲ့ လုပ်ကွက်သစ်ကို ပြသစရာရှိလာပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကမ်းလွန်စီမံကိန်းလုပ်ကွက် ၄ ခုအနက်မှ ဧရာဝတီတိုင်းဒေသကြီး အနောက်မြောက်ဘက်မှာရှိတဲ့ ကမ်းလွန်လုပ်ကွက်အမှတ် A6 မှာ တူးဖော်ခဲ့တဲ့ ရှာဖွေရေးတွင်း (၅)တွင်းရှိတဲ့အနက် ရွှေရည်ထွန်း (၂) တွင်းရဲ့ထူးခြားမှုဖြစ်ပါတယ်။ အဲဒီရွှေရည်ထွန်း (၂)တွင်းကို စမ်းသပ်ရှာဖွေတဲ့အခါ သဘာဝဓာတ်ငွေ့ ခိုအောင်းနေတယ်ဆိုတဲ့ တွေ့ရှိချက်ကိုရရှိခဲ့ပြီး အဲဒီတွေ့ရှိချက်နောက်မှာ စီးပွားဖြစ်ထုတ်လုပ်နိုင်မယ့် အလားအလာကောင်း ရလဒ်တွေကို ရရှိခဲ့တာဟာ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်များအနက် စွမ်းအင်ကဏ္ဍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ထပ်မံတိုးတက်ထုတ်လုပ်နိုင်ခွင့် ရရှိရေးကို အလေးထားဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင်ရှာဖွေတူးဖော်လျက်ရှိသည့် လုပ်ကွက် များစွာရှိပြီး ယင်းတို့ကိုပိုမိုတိုးချဲ့ရှာဖွေနိုင်ရန် ဖော်ဆောင်နေသည့်အပြင် ရှာဖွေတူးဖော် ထုတ်လုပ် နိုင်ခြင်းမရှိသေးသည့် လုပ်ကွက်များကိုရှာဖွေရကြောင်းသိရသည်။

ကုန်းတွင်းပိုင်းလုပ်ကွက်များအနက်မှရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုရရှိအောင်ဆောင် ရွက်နိုင်မည့် လုပ်ကွက် ၁၈ ကွက်ခန့်နှင့် ကမ်းရိုးတန်းပင်လယ်ပြင် ကမ်းလွန်လုပ်ကွက်အနေဖြင့် ၁၅ ကွက်ခန့် ရှိနေသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရှိရသည်။

ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်တို့ရှိ လစ်လပ်နေသည့် လုပ်ကွက်များကို ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တင်ဒါစနစ်ဖြင့် လုပ်ငန်းရှင်များအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်းမှာ ပွင့်လင်းမြင်သာသည့် တင်ဒါ စနစ်ဖြင့် နိုင်ငံတကာက ရေနံနှင့်သဘာဝဓာတ်ငွေ့ကို နိုင်ငံတကာရေနံနှင့်စွမ်းအင်ကုမ္ပဏီကြီး များဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။

“ကုန်းတွင်းမှာ ထုတ်လုပ်တဲ့ ရေနံစိမ်းတွေကို ကိုယ်တိုင်ချက်လုပ်ပါတယ်။ ချက်လုပ်တဲ့ အခါမှာ ယခုတတိယ(၁)နှစ်တာအတွင်းမှာ ချက်လုပ်ပြီးစီးတဲ့ရေနံစိမ်းက မက်ထရစ်တန်ပေါင်း ၂၅၁၅၀၉ တန် ဖြစ်ပါတယ်။ အဲဒီလိုချက်လုပ်ခဲ့တဲ့အတွက် ဓာတ်ဆီမက်ထရစ်တန် ၆၇၀၈၀ နဲ့ ဒီဇယ်ဆီ ၁၁၀၂၄၂ မက်ထရစ်တန်တို့ရရှိခဲ့ပါတယ်။ ရေနံချက်လုပ်ပြီး ထွက်ရှိလာတဲ့ ရေနံထွက် ပစ္စည်းတွေကို ရောင်းချနိုင်ခဲ့တဲ့အတွက်ရောင်းချနိုင်တဲ့ ဝင်ငွေဟာအရင်နှစ်ကထက် ၃၈.၃ ရာခိုင်နှုန်း တိုးတက်ပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ရေနံစိမ်းများ ချက်လုပ်ရောင်းချမှုနှင့် စပ်လျဉ်း၍ ပြောကြားသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ရေနံဓာတ်ငွေ့ရည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ကုန်းတွင်းပိုင်းဓာတ်ငွေ့ကိုအသုံးပြု၍ ရေနံဓာတ်ငွေ့ရည်ကို ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်းသို့ထုတ်လုပ်ရာတွင် LPG ဓာတ်ငွေ့ရည် ထုတ်လုပ်နိုင်မှုသည် အကန့်အသတ် များစွာရှိနေကြောင်း သိရသည်။ တိုးတက်ပြောင်းလဲလာသည့် လူမှုဘဝများအကြား LPG  ဓာတ်ငွေ့ရည် ပိုမိုသုံးစွဲလာကြသည့်အချိန်တွင် ဝန်ကြီးဌာနမှ တာဝန်ယူ ထုတ်လုပ်ဖြန့်ဖြူး ပေးနေသည့်ပမာဏသည် လက်ရှိဈေးကွက်အတွင်း လိုအပ်သည့်ပမာဏ ရရှိရန် မလွယ်ကူသည့် အတွက် ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများအနက်မှ ပုဂ္ဂလိကကဏ္ဍပူးပေါင်းပါဝင်မှုကို ပိုမိုတိုးတက်နိုင်ရန်အတွက် တတိယ(၁)နှစ်တာအတွင်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်ကို မြင်တွေ့ ရသည်။

          ကုန်းတွင်းပိုင်းတွင် ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ရေနံဓာတ်ငွေ့ရည်ကို ထုတ်လုပ်ရာတွင် အများပြည်သူတွေ သက်သက်သာသာနဲ့ ချက်ပြုတ်သုံးစွဲကြချိန်များတွင် အသုံးပြု နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပြီး အစိုးရသစ်ရဲ့ တတိယ(၁)နှစ်တာအတွင်းမှာ ရေနံဓာတ်ငွေ့ရည် LPG တန်ချိန်ပေါင်း ၈၈၅၈ မက်ထရစ်တန်အထိ ထုတ်လုပ်ထားသည်ကို ဝန်ကြီးဌာနကိန်းဂဏန်း အချက်အလက်များအရ သိရှိရသည်။

“ ဒါကြောင့် ရေနံဓာတ်ငွေ့ရည်လုပ်ကိုင်ခွင့်တွေကို လိုင်စင်တွေ ချထားပေးခဲ့ပါတယ်။ လိုင်စင်တွေကို လုပ်ငန်းဆောင်ရွက်မှုအမျိုးအစားကိုလိုက်ပြီး စုစုပေါင်း (၇)မျိုး သတ်မှတ်ထား ပါတယ်။ အစိုးရသစ်လက်ထက် တတိယ(၁)နှစ်တာအတွင်းမှာ ပုဂ္ဂလိကကဏ္ဍကို လိုင်စင်တွေ ထုတ်ပေးထားခဲ့ရာမှာ အရေအတွက်အားဖြင့် ၆၂၉ ခု အထိရှိလာပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန် ဖွင့်လှစ်ရောင်းချနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်” ဟုဒုတိယဝန်ကြီးက ပြောကြားသည်။

အလားတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြေသြဇာအဖြစ် အသုံးပြုနိုင်ရေးအတွက် ယူရီးယားဓာတ်မြေသြဇာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူထုတ်လုပ်ရောင်းချပေး လျက်ရှိကြောင်း သိရှိရသည်။ ဓာတ်မြေသြဇာ ထုတ်လုပ်မှုအပိုင်းတွင် တတိယ(၁) နှစ်တာအတွင်း မက်ထရစ်တန်ပေါင်း ၁၂၇၉၄၁ အထိ ထုတ်လုပ်ခဲ့သည်ကို မြင်တွေ့ရသည်။ အဆိုပါ ဓာတ်မြေသြဇာစက်ရုံမှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဝင်ငွေသည် ပြီးခဲ့တဲ့နှစ်နှင့် နှိုင်းယှဉ်ပါက ငွေကျပ် ၇၁ ဘီလီယံကျော် တိုးတက်ရှာဖွေပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က ဓာတ်မြေသြဇာစက်ရုံ ထုတ်လုပ်ရောင်းချရမှုအခြေအနေသည် နှစ်စဉ်နှစ်တိုင်း ငွေကျပ်ဘီလီယံ ၅၀ နီးပါးခန့် အရှုံးပေါ်ခဲ့ကြောင်း သိရှိရပြီး ယင်းအခြေအနေကို အစိုးရသစ်၏ တတိယ(၁)နှစ်အတွင်း စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ဖြေရှင်းအောင်မြင်ခဲ့သည့်အတွက် အောင်မြင်မှု ရရှိသည့်အခြေအနေဟု  ဆိုရပေလိမ့်မည်။

“ ကျွန်တော်ပြောတဲ့တိုးတက်တာတွေ၊ ပြုပြင်ပြောင်းလဲတာတွေက ဌာနရဲ့အောင်မြင်မှုတွေနဲ့ ကြိုးပမ်းမှုတွေဖြစ်ပါတယ်။ ဒါတွေက အလွယ်တကူဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီလိုရလဒ်ကောင်း တွေဖြစ်လာဖို့ ဝန်ထမ်းတွေ၊ မူဝါဒချမှတ်တဲ့သူတွေနဲ့ ပြည်သူတွေပူးပေါင်းပါဝင်မှုလည်း လိုအပ် ပါတယ်။ ယခုအခြေအနေရလဒ်က အကောင်းဖြစ်လာတဲ့အရာတွေရဲ့ နောက်ကွယ်မှာ  စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးကို ကျော်လွှာဖြေရှင်းခဲ့ကြရတာလည်း ဖြစ်ပါတယ်” ဟု လျှပ်စစ် နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ဒုတိယဝန်ကြီးက သုံးသပ်ပြောကြားသည်။

နိုင်ငံ၏ဂျီဒီပီကိုတိုးတက်စေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုရရှိရောင်းချနိုင်ရေး ကိစ္စ ရပ်ကို အဖြေရှာရန်အတွက် ဝန်ကြီးဌာနမှဦးဆောင်ကာ အစမ်းတွင်းနဲ့ ရှာဖွေရေးတွင်း အမြောက်အများကို တူးဖော်ခဲ့ကြရပြီး ယင်းသို့ တူးဖော်ရာတွင်မထင်မှတ်ထားသည့် အခက်အခဲများ၊ အတားအဆီးများ ရှိကြောင်းသိရှိရသည်။

“ ကုန်းတွင်းပိုင်းဆိုရင် လယ်ယာမြေကွက်တွေပေါ်မှာ သွားရောက်ပြီး တူးရတဲ့ ကိစ္စတွေ ရှိတာမို့ လယ်မြေ၊ ယာမြေပိုင်ဆိုင်သူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်တဲ့လုပ်ကွက်မှာ ရှာဖွေရတော့ စေ့စပ်ညှိနှိုင်းဖြေရှင်းရတာတွေကို ဆောင်ရွက်ရင်းနဲ့ တိုင်းပြည်ရဲ့ ဝင်ငွေတိုးအောင် လုပ်ကိုင်ရ တာဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် ပြည်သူများ အကျိုးစီးပွား နှင့်လည်း သက်ဆိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။

နွေကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် ရေအားကို အခြေခံသည့် လျှပ်စစ်ဓာတ်အားကို အဓိကသုံးစွဲသော မြန်မာနိုင်ငံအတွက် ယခုကာလသည် ဓာတ်အားထုတ်လုပ်မှုလျော့နည်းကျဆင်း တတ်သည့် ကာလတစ်ခုဖြစ်ပါသည်။ သို့သော် နည်းပညာတိုးတက်မှုများနောက်ကို အမီလိုက် သည့် ကာလမို့ လေအေးပေးစက်များအပါအဝင် အခြားသော လျှပ်စစ်ဓာတ်အား ဝန်ပိုအသုံးပြုမှုများသည် လည်း ပိုမိုသုံးစွဲလာဖွယ် ရှိနေပါသည်။ ပြည်သူများအနေဖြင့် မိမိတို့ မဖြစ်မနေလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုသာသုံးစွဲပြီး အလဟဿဖြစ်စေမည့် လျှပ်စစ်ဓာတ်အားများကို ခြိုးခြံချွေတာ ခြင်းဖြင့် လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ဒေသများအတွက်ပါ ထည့်သွင်းစဉ်းစားပေးရန် လိုအပ် နေသည်ကိုလည်း မြင်တွေ့ရပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

04-Apr-2019