The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ မေလ ( ၂၉ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့၌ အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မေလ ၂၇ ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ စစ်ဆေးပြုပြင် ဆောင်ရွက်နေမှုအား လည်းကောင်း၊ ကျောက်တော်မြို့နယ်အတွင်း မိုခါလေမုန်တိုင်းကြောင့် ပျက်စီးသွားသော ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကျောက်တော်ဓာတ်အားခွဲရုံ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ များအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ကျောက်တော် ဓာတ်အားလိုင်း ပြုပြင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျောက်တော်မြို့အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေသည့် အခြေ အနေတို့နှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ထို့နောက်  ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကျောက်တော် ဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်းရှိ Power Transformer နှင့် ဓာတ်အားလွှတ်ပစ္စည်းများအား စစ်ဆေးရန်ဆောင်ရွက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်း နှင့် မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ အမ်း-မြောက်ဉီး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းနှင့်  ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်း ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တွေမြို့ပေါ်ရှိ ဘိုးဘွားရိပ်သာအား ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လျှပ်စစ်ဓာတ်အားပေးထားမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဒုတိယဝန်ကြီးသည် မေလ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါ သည်။ ၎င်းနောက် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် ရောက်ရှိဆိုက်ကပ်ထားသော Sun Shine သင်္ဘောပေါ်မှ လျှပ်စစ်ဓာတ်အားလိုင်းသုံးပစ္စည်းများ ရောက်ရှိသယ်ဆောင်နေမှုနှင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးတစ်လျှောက် တပ်ထိန်းဂိတ်မှ ဗန္ဓုလလမ်းဆုံအထိ သဘာဝ ဘေးကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တိုင်းဒေသကြီးနှင့်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများမှ ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အတွက် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးလိုင်းများ ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-May-2023